တစ္ဆေတစ်ကောင်က အမြဲခြောက်လှန့်နေသည်။ အိပ်မရ၊ စားမရ၊ လုပ်မရ၊ ကိုင်မရ၊
ချစ်မရ။ ယင်းတစ္ဆေမှာ HIV/AIDS ရောဂါ ဖြစ်သည်။ ဘယ်အချိန်များ ကိုယ့်ကို HIV
ပိုးလာရောက် ကူးစက်မလဲ။ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၁
ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသည်ဟု ဆိုသည်။ ဘယ်အချိန်မှာများ
မမြင်ရသည့် လူသတ်သမားက ကိုယ့်ရှေ့ ဘွားခနဲ ပေါ်လာလေမလဲ။ HIV/AIDS ရောဂါသည်
မမြင်ရသည့် လူသတ်သမားဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူပေါင်း ၂၀,၀၀၀
ခန့် အေအိုင် ဒီအက်စ်ရောဂါကြောင့် သေဆုံးနေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့် အေအိုင်ဒီအက်စ်
အေအိုင်ဒီအက်စ်ရောဂါကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက
နိုင်ငံတော်၏ အဓိကလူမှုရေးနှင့် ကျန်းမာရေး အကြောင်းအရာအဖြစ်လည်းကောင်း၊
ရောဂါတစ်ရပ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။ UNAIDS အဖွဲ့၏ စာရင်းဇယားအရ
၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIV ပိုးကူး စက်ခံရမှုနှုန်းမှာ ၁ ဒသမ ၃
ရာခိုင်နှုန်း (လူပေါင်း ၂၀၀,၀၀၀-၅၇၀,၀၀၀) ရှိပြီး တိုင်းပြည်ဒေသအသီးသီး၌
ရောဂါကူးစက်ပျံ့နှံ့မှု ကျယ်ပြန့်လာနေသည်ဟု ဆိုသည်။ HIV ဗိုင်းရပ်စ် Strain
အသစ်လေးမျိုးသည် မြန်မာနိုင်ငံမှ စတင်မြစ်ဖျားခံသည်ဟု ယူဆကြပြီး
မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတစ်လျှောက်
ဟီးရိုးအင်း မှောင်ခိုကုန်ကူးမှုလမ်းကြောင်း တစ်လျှောက်မှ
စတင်ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် HIVပိုး
ကူးစက်ခံရသူအများစုမှာ မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ (၄၃
ရာခိုင်နှုန်း)နှင့် ပြည့်တန်ဆာများ (၃၂ ရာခိုင်နှုန်း) ဖြစ် သည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူ ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ရှိသည့်အနက်
ထက်ဝက်ကျော်ခန့်မှာ အကြောထဲ ဆေးထိုးသွင်းသူများဖြစ်သည်ဟု ဆိုသည်။
ကျန်းမာရေးဦးစီးဌာန၊UNAIDS နှင့် WHO တို့ ပူးပေါင်းတွက်ချက်ထားမှုအရ
၂၀၁၀ ပြည့်နှစ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြား HIV ပိုး ကူးစက်ခံထားရသူ ဝ
ဒသမ ၆ ရာခိုင်နှုန်း (လူပေါင်း ၂,၃၆၀,၀၀၀) ရှိသည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၅၁ နိုင်ငံမြောက် HIV ပိုး ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးဖြစ်ပြီး အာရှတိုက်၌ အရွယ်ရောက်ပြီးသူများ HIV ပိုး ကူးစက်ပျံ့နှံ့မှုတွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ပြီးနောက် တတိယအမြင့်ဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ၁၁,၀၀၀ မှ ၃၅,၀၀၀ အတွင်းရှိသည့်အနက် နှစ်စဉ်လူပေါင်း ၂၀,၀၀၀ ခန့် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးနေရသည်။ |
၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံတော် အစိုးရသည် အေအိုင်ဒီအက်စ်ရောဂါနှင့်
ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁၃၇,၁၂၀ (ကျပ် ၁၅၀,၈၃၁,၆၀၀) သုံးစွဲခဲ့ပြီး
နိုင်ငံတကာ အစိုးရများ (နော်ဝေ၊ နယ်သာလန်၊ ဗြိတိန်နှင့်ဆွီဒင်)က
အမေရိကန်ဒေါ်လာ ၂၇,၇၁၁,၈၁၃ ကို HIV စီမံချက်များအတွက် လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၅၁ နိုင်ငံမြောက် HIV ပိုး
ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးဖြစ်ပြီး အာရှတိုက်၌ အရွယ်ရောက်ပြီးသူများ HIV
ပိုး ကူးစက်ပျံ့နှံ့မှုတွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ပြီးနောက်
တတိယအမြင့်ဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံထားရသူ ၁၁,၀၀၀
မှ ၃၅,၀၀၀ အတွင်းရှိသည့်အနက် နှစ်စဉ်လူပေါင်း ၂၀,၀၀၀ ခန့်
အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးနေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တစ်နေ့လျှင်လူဦးရေ ၂၁ ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS နှင့် WHOတို့
ပူးပေါင်းတွက်ချက်ထားသည့် HIV Estimates and Projections Asian
Epidemiological Model Myanmar 2010-2015 တွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိမြန်မာ နိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ ခန့်မှန်းလူဦးရေ
နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိနေသူများအနက်မှ လူဦးရေ
တစ်သိန်းနှစ်သောင်းကျော်မှာ ART ဆေးဝါးလိုအပ်နေသူများဖြစ်ကြောင်း၊ ၂၀၁၂
ခုနှစ် ဇွန်လအထိ ရရှိထားသည့်စာရင်းများအရ ဆေးဝါးလိုအပ်နေသူများအနက် လူဦးရေ
၄၄,၆၆၁ ဦးကို ART ဆေးဝါး များပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ ART
ဆေးဝါးများရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
ဒေသအလိုက် HIV ပိုး ကူးစက်ခံရမှုတွင် နိုင်ငံအနောက်ပိုင်း
(ရခိုင်နှင့်ချင်းပြည်နယ်) တွင် အနိမ့်ဆုံးဖြစ်ပြီး အလယ်အလတ်ဒေသများမှာ
နိုင်ငံအလယ်ပိုင်း (ဧရာဝတီ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့်
ပဲခူးတိုင်းဒေသကြီးများ) ဖြစ်သည်။ HIV ပိုးကူးစက်ပျံ့နှံ့မှု
အမြင့်ဆုံးဒေသများမှာ နိုင်ငံမြောက်ပိုင်း (ကချင်ပြည်နယ်)၊ အရှေ့ပိုင်း
(ရှမ်းနှင့်ကရင်ပြည်နယ်)နှင့် တောင်ပိုင်း (မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း
ဒေသကြီး) တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနသည် ၁၉၈၅ ခုနှစ်မှစ၍ AIDS
နှင့်ပတ်သက်၍ စတင်စုံစမ်း လေ့လာမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်
ပထမဆုံး HIV ပိုးကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ပထမဆုံး
အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်ကို ၁၉၉၁ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့သည်။
ယင်းနောက် HIV နှင့်ပတ်သက်၍ စုံစမ်းလေ့လာမှုများနှင့် စစ်တမ်းကောက်ယူမှုများ
ဆောင်ရွက်ခဲ့ပြီး မိခင်မှကလေးသို့ ကူးစက်မှုကာကွယ်ရေး စီမံချက်ကို ၂၀၀၀
ပြည့်နှစ်တွင် စတင်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် HIV/AIDS ကုသသည့် ဆေးဝါးကုထုံး Antiretroviral therapy
(ART) ကို ပြည်သူ့ကျန်းမာရေးဌာနများသို့ စတင်မိတ်ဆက်ခဲ့သော်လည်း HIV/AIDS
လူနာ သုံးရာခိုင်နှုန်းခန့်သာ ဆေးကုသမှု ခံယူရသည်။ ယခုလက်ရှိအချိန်၌
မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေး စီမံကိန်း၌ အေအိုင်ဒီအက်စ်သည်
ဦးစားပေးဆောင်ရွက်ရမည့် ရောဂါတစ်ရပ်အဖြစ် ပါဝင်သည်။ ၂၀၀၅ ခုနှစ် သြဂုတ်လ
၁၈ ရက်နေ့တွင် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေးအတွက် Global
Fund က အမေရိကန်ဒေါ်လာ ၉၈,၄၀၀,၀၀၀ (အေအိုင်ဒီအက်စ်အတွက် အမေရိကန်ဒေါ်လာ
၁၉,၂၀၀,၀၀၀ ပါဝင်) ကို မြန်မာနိုင်ငံအစိုးရက သူ၏၀န်ထမ်းများအား
ခရီးသွားလာမှု ကန့်သတ်ချုပ်ချယ်သည်ဟုဆိုကာ ပေးအပ်ခြင်းမပြုတော့ဘဲ
ရပ်ဆိုင်းခဲ့ဖူးသည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)က ထုတ်ဝေသော အစီရင်ခံစာအရ ART
ကုထုံးဖြင့် ထိန်းထား၍ရသော အေအိုင်ဒီအက်စ် လူနာပေါင်း ၂၅,၀၀၀ သည်
မြန်မာနိုင်ငံ၌ သေဆုံးခဲ့သည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်အရောက်တွင် (MSF) သည် မြန်မာနိုင်ငံတွင် ART ဆေးဝါးနှင့်
ကုသမှု အဓိကထောက်ပံ့ သည့်အဖွဲ့ ဖြစ်လာသည်။ ဆက်လက်အသက်ရှင်ရန် ART
လိုအပ်နေသော လူနာပေါင်း ၁၁,၀၀၀ ကို ကုသမှုပေးနိုင်ခဲ့သည်။ သို့သော်
မြန်မာနိုင်ငံ၌ ART လိုအပ်နေသူများမှာ ၇၀,၀၀၀ ရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် HIV/AIDS လူနာများအနက် ၂၀
ရာခိုင်နှုန်းခန့်သာ ကုသမှုရရှိနေသည်ဟု ဆိုသည်။
Wikipedia တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံသည် အစိုးရအနေဖြင့်
ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးသုံးစွဲမှုအနည်းဆုံး
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှလွဲ၍ အခြားနိုင်ငံများမှာလည်း
မြန်မာနိုင်ငံအား ကျန်းမာရေးအတွက် လှူဒါန်းမှု အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။
ယင်း၌ ဆက်လက်ဖော်ပြထားမှုအရ မြန်မာနိုင်ငံတွင် ကောင်းစွာပိုးသတ်မထားသော
ဆေးကုသမှုဆိုင်ရာ ကိရိယာများကို အသုံးပြုခြင်း၊ သွေးစစ်ဆေးရာ၌ လုံလောက်သော
တိကျမှုမရှိခြင်းကဲ့သို့သော ဆေးကုသမှု၌ မလုံခြုံသော လုပ်ဆောင်မှုများရှိနေရာ
ယင်းတို့သည် ရောဂါကူးစက်ရာ လမ်းကြောင်းများဖြစ်လာသည်ဟု ဆို သည်။
မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်
ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ
မရှိသလောက် ဖြစ်နေသောကြောင့် အေအိုင်ဒီအက်စ် လူနာများအနေဖြင့်
ကုသမှုကိုရှာဖွေရန် မလွယ်ကူဟု ဆိုသည်။ ART ထောက်ပံ့မှုနှင့် ဖြန့်ဝေမှုမှာ
ပုံမှန်မဟုတ်ဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသောကြောင့် လူနာများသည်
ဆေးကိုပုံမှန်သုံးစွဲခြင်းမရှိသဖြင့် ဗိုင်းရပ်စ်ပိုးများဆေးပြီး HIV
ဗိုင်းရပ်စ်ပိုး Strain အသစ်များ ထွက်ပေါ်လာစေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့် ပြည့်တန်ဆာမှု
၁၇၈၅ ခုနှစ် ကုန်းဘောင်မင်းဆက် အစောပိုင်းကတည်းက ပြည့်တန်ဆာလုပ်ငန်းကို
တားဆီးပိတ်ပင်ခဲ့သည့် မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ်
ပြည့်တန်ဆာတိုက်ဖျက်ရေး အက်ဥပဒေအရ ပြည့်တန်ဆာလုပ်ကိုင်မှုသည်
ပြစ်မှုမြောက်သောကြောင့် ပြည့်တန်ဆာများအား HIV/AIDS ရောဂါကို
သတိပြုမိလာအောင် ပညာပေးရေးနှင့် ကွန်ဒုံးများ မဖြစ်မနေသုံးစွဲစေရေးအတွက်
ဆောင်ရွက်ရန် လွန်စွာခက်ခဲနေသည်။
မြန်မာနိုင်ငံတွင် ကွန်ဒုံးလက်ဝယ်ရှိခြင်းကို
လိင်လုပ်ငန်းလုပ်ကိုင်ခြင်း၏ သက်သေအဖြစ် အသုံးမပြုရန် ညွှန်ကြားချက်
ထုတ်ပြန်ခဲ့သည်။ ဤသို့ဆောင်ရွက်ပေးမှုသည် HIV/AIDS ရောဂါကာကွယ်ရေး
လုပ်ငန်းများကို ပိုမိုထိရောက်ရန် သက်ဆိုင်ရာ အာဏာပိုင်များက
မူဝါဒများပြုပြင်ပေးခြင်း နမူနာကောင်းတစ်ရပ် ဖြစ်သည်။ သို့သော် ယနေ့တိုင်
လိင်လုပ်ငန်းလုပ်ဆောင်နေသူ အမျိုးသမီးများသည် ကွန်ဒုံးလက်ဝယ်ရှိမှုကြောင့်
ခြိမ်းခြောက်ခံနေရဆဲ ရှိနေသေးသောကြောင့် မူလရည်ရွယ်ချက်ဖြစ်သော
ကာကွယ်ရေးလုပ်ငန်း ထိရောက်စေရန် ကွန်ဒုံးကိုင်ဆောင်မှုသည်
ပြစ်မှုမမြောက်ပါဟူသည့်အချက်ကို လူတိုင်းကောင်းစွာသိရှိအောင် ဆောင်ရွက်ရန်
လိုအပ်နေသည်။
Wikipedia တွင် ဖော်ပြထားချက်အရ ရန်ကုန်တွင် ပြည့်တန်ဆာလုပ်ငန်း
လုပ်ကိုင်သည့်အိမ်ပေါင်း ၁၀၀ ကျော်ရှိပြီး ပြည့်တန်ဆာပေါင်း ၁၀,၀၀၀
အထိရှိကြောင်း သိရသည်။ ယင်းပြည့်တန်ဆာများအနက် ၇၀ မှ ၉၀ ရာခိုင်နှုန်းသည်
လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ခဲ့ဖူးပြီး ၂၅ ရာခိုင်နှုန်းထက်
နည်းပါးသောပြည့်တန်ဆာများသာ HIV ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု
ခံယူဖူးသည်ဟု ဆိုသည်။
Wikipedia တွင် ဆက်လက်ဖော်ပြထားချက်အရ မြန်မာနိုင်ငံသည်
ထိုင်းနိုင်ငံပြည့်တန်ဆာလုပ်ငန်း၏ အဓိကအရင်းအမြစ်ဖြစ်ပြီး ထိုင်းနိုင်ငံ၌
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ အမျိုးသမီးပေါင်း
၂၀,၀၀၀-၃၀,၀၀၀ ရှိသည်ဟု ဆိုသည်။ အမျိုးသမီး အများစုသည်
ရနောင်းနှင့်မယ်ဆိုင်မှတစ်ဆင့် လူကုန်ကူးမှုခံရခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ပြည့်တန်ဆာများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်
ရွှေလီမြို့၌လည်း အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင်
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသော မြန်မာနိုင်ငံသူ အများစုမှာ
တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသော
မြန်မာပြည့်တန်ဆာများမှာ အသက် ၁၈ နှစ်အောက်များဖြစ်သည်ဟု ဆိုသည်။
မြန်မာပြည့်တန်ဆာများသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ မလေးရှား၊
ကိုရီးယား၊ မကာအို နှင့် ဂျပန်နိုင်ငံတို့တွင်လည်း
အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ပြည်တွင်းလူကုန်ကူးမှုများလည်း ရှိနေပြီး
ကျေးလက်ဒေသများမှ မိန်းကလေးများကို မြို့ကြီးများနှင့် နယ်စပ်မြို့များသို့
ခေါ်ဆောင်လာခြင်း ဖြစ်သည်။ အမျိုးသမီးများသည် ၎င်းတို့၏ နိမ့်ပါးသော
ပညာရေးကြောင့် အလုပ်အကိုင်ရရှိရန် ခက်ခဲရာ မြင့်မားသောလုပ်ခများဖြင့်
တရားဝင်အလုပ်များ ရရှိမည်ဟု ဖြားယောင်းသွေးဆောင်မှုများ ရှိခဲ့သည်။
Wikipedia တွင် ဆက်လက်ဖော်ပြထားချက်အရ ရန်ကုန်တွင်
ပြည့်တန်ဆာလုပ်ငန်းသည် ဟိုတယ်များ၌ ဖြစ်ပွားလျက်ရှိပြီး ဟိုတယ်များသည်
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် နေရာများဖြစ်လာသည်ဟု ဆိုသည်။ ၁၉၉၅
ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော အနှိပ်ခန်းများသည် လည်းကောင်း၊
နိုက်ကလပ်များသည် လည်းကောင်း ပြည့်တန်ဆာလုပ်ငန်းကို လွတ်လပ်စွာ
လုပ်ကိုင်လာနိုင်သော နေရာများဟု ဆိုသည်။ ၂၀၀၈ ခုနှစ် မေလတွင်
မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်၌
ပြည့်တန်ဆာအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ HIV/AIDS ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း
မြန်မာနိုင်ငံ HIVAIDS ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း
(၂၀၁၁-၂၀၁၅) နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုစီမံကိန်း (Operation Plan)
ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့တွင်
အတည်ပြုပေးခဲ့သည်။ ယင်းတွင် ၂၀၁၀ ပြည့်နှစ်တွင် ခန့်မှန်းခဲ့သော HIV
ထပ်မံကူးစက်ခံရသူ အရေအတွက်၏ ထက်ဝက်သို့ ၂၀၁၅ ခုနှစ်၌ လျော့ကျသွားရန်
ရည်မှန်းထားသည်။
စီမံကိန်း၌ ဦးစားပေး မဟာဗျူဟာ သုံးရပ်ရှိရာ ၄င်းတို့မှာ (၁) HIVပိုး
ကူးစက်ရန် အန္တရာယ်ရှိသော လိင်ဆက်ဆံမှုနှင့် မသန့်ရှင်းသော ဆေးထိုးအပ်နှင့်
အလားတူကိရိယာများကို အသုံးပြုခြင်းကြောင့် HIV ပိုး ကူးစက်မှုကို ကာကွယ်ရေး
(၂) HIV ပိုး ကူးစက်ခံရသူများ ၊ AIDS ဝေဒနာရှင်များအား စဉ်ဆက်မပြတ်
ပြီးပြည့်စုံစွာ ပြုစုစောင့်ရှောက်ရေးနှင့် (၃) HIV ပိုး ရှိနေသူများ၊
ဝေဒနာရှင်များနှင့် ယင်းတို့၏မိသားစုဝင်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ
လျော့နည်းသွားစေရေးတို့ ဖြစ်သည်။
HIV/AIDS ပြဿနာ ဘယ်လိုဖြေရှင်းမှာလဲ
မည်သည့် အစိုးရအဖွဲ့မဆို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို
မြင်သာသောအကျိုးအမြတ် မရှိသောကြောင့် အရေးမပါသောလုပ်ငန်းဟု မှတ်ယူရန်
မသင့်ပါ။ နိုင်ငံသားများအနေဖြင့် မကျန်းမာဘဲ နိုင်ငံတည်ဆောက်ရေး
လုပ်ငန်းများကို လုပ်ကိုင်နိုင်မည် မဟုတ်ပါ။ လူတစ်ယောက်အတွက် ကျန်းမာနေရန်
အရေးအကြီးဆုံး ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ
ကျန်းမာနေရန်မှာ အရေးအကြီးဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်
ဘတ်ဂျက်များထဲ၌ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်မှာ
လွန်စွာနည်းပါးနေသေးသည်ကို တွေ့ရှိရသည်။ ဒေသတွင်းနိုင်ငံများတွင်လည်း
မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ အနည်းဆုံးဖြစ်ခဲ့သည်။ ၂၀၀၀
ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ပျှမ်းမျှအားဖြင့် ဂျီဒီပီ၏ ၁ ဒသမ ၅
ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေးအတွက် အသုံးပြုသည်။
ဗီယက်နမ်နိုင်ငံက ဂျီဒီပီ၏ ၈ ဒသမ ၁ ရာခိုင်နှုန်းကို အသုံးပြုခြင်းနှင့်
နှိုင်းစာလျှင် လွန်စွာနည်းနေသည်။ ၂၀၀၉- ၂၀၁၀ နိုင်ငံတော်ဘတ်ဂျက်တွင်
ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့အတွက် ၁၀ ရာခိုင်နှုန်းပါဝင်ပြီး
ယင်းကိုထပ်မံခွဲဝေရာတွင် ပညာရေးအတွက် ၇၈ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၂၀
ရာခိုင်နှုန်းနှင့် လူမှုဖူလုံရေးအတွက် ၂ ရာခိုင်နှုန်းဖြစ်သည်။
သို့သော် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ
အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ
လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရှင်းလင်းရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၁-၂၀၁၂ ခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏
ကျန်းမာရေးအသုံးစရိတ်မှာ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းတွင်
အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈ ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး
၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်
အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇ ၉၇၀ ဒသမ ၃၇၅ သန်း လျာထားသည့်အတွက်
ပြီးခဲ့သည့်နှစ်ထက် လေးဆခန့်တိုး၍ လျာထားကြောင်း သိရသည်။
သို့သော် HIV/AIDS ပြဿနာမှာ ကျန်းမာရေးကဏ္ဍဆိုင်ရာ သီးသန့်ပြဿနာ
မဟုတ်သည့်အလျောက် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ဖွဲ့ (သို့မဟုတ်)
ဝန်ကြီးဌာနတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပါ။ လူမှုရေး၊
စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများနှင့်ပါ
နှီးနွှယ်ပတ်သက်နေသည့်အတွက် HIV/AIDS ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင်
ကဏ္ဍအသီးသီး၊ အလွှာအရပ်ရပ်၊ အဖွဲ့အစည်းပေါင်းစုံမှ တက်ညီလက်ညီ
ပါဝင်ဖြေရှင်းမှသာ ဘက်စုံထောင့်စုံမှ ထိရောက်စွာ လုပ်ဆောင်နိုင်မည်
ဖြစ်သည်။
| ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ |
HIV ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် AIDS ရောဂါ ကျယ်ပြန့်စွာ
ဖြစ်ပွားနေမှုကို ပိုမိုသတိပြုလာစေရေးအတွက် နှစ်စဉ်ဒီဇင်ဘာလ ၁ ရက်နေ့ကို
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရများနှင့်
ကျန်းမာရေးအာဏာပိုင်များက အေအိုင်ဒီအက်စ်နှင့် ပတ်သက်သော ဆွေးနွေးပွဲများ၊
ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ယင်းနေ့ကို ကျင်းပလေ့ရှိ။
၁၉၉၅ ခုနှစ်တွင် အမေရိကန်သမ္မတက ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို
တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခြားနိုင်ငံအသီးသီးမှ
အစိုးရများကလည်း အလားတူကြေညာခဲ့။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဟူသည့် စိတ်ကူးကို ၁၉၈၇ ခုနှစ်၊ သြဂုတ်လတွင်
ဂျိမ်းဒဗလျူဘန်းနှင့် သောမတ်စ်နတ္တာ အမည်ရှိ WHO ၊ အေအိုင်ဒီအက်စ်ဆိုင်ရာ
ကမ္ဘာ့စီမံချက် (UNAIDS) ၏ ပြည်သူ့အချက်အလက်ဆိုင်ရာ အရာရှိနှစ်ဦးက
ရရှိခဲ့ပြီး ၎င်းတို့၏စိတ်ကူးကို UNAIDS ၏ ညွှန်ကြားရေးမှူး
ဒေါက်တာဂျိုနသန်မန်းထံသို့ တင်ပြခဲ့။
ဒေါက်တာမန်းက ယင်းစိတ်ကူးကို သဘောကျကာ အတည်ပြုပေးခဲ့ပြီး
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့သည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သင့်ကြောင်း
ထောက်ခံချက်ပေးခဲ့။
| HIV/AIDS ဟူသည် |
-HIV(Human Immunodeficiency Virus) ဟူသည် Retrovirus အမျိုးအစား
ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး လူတို့၏ ကိုယ်ခံအားစနစ်ရှိ Helper T cell
များကို ကူးစက်ခြင်းဖြင့် AIDS ရောဂါကို ဖြစ်ပွားစေသည်။ HIV
ဗိုင်းရပ်စ်ပိုးနှစ်မျိုးအနက် HIV-1 သည် ကမ္ဘာအနှံ့ ကူးစက်နေပြီး HIV-2 သည်
အနောက် အာဖရိက၌ အဓိကကူးစက်နေသည်။
- AIDS (Acquired immune deficiency Symdrome) ဟူသည် HIV ကူးစက်ခံရပြီး
ကိုယ်ခံအားကျဆင်းမှုကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ အမေရိကန် CDC ဌာန၏
သတ်မှတ်ချက်အရ HIV ပိုး ကူးစက်ခံထားရပြီး CD4 အရေအတွက် ၂၀၀ အောက်ရောက်မှ
AIDS ရောဂါဟု သတ်မှတ်သည်။
| အေအိုင်ဒီအက်စ်သမိုင်း |
သုတေသနပညာရှင်များက ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း simian
immunodeficiency virus(SIV) သည် အာဖရိကတိုက်အလယ်ပိုင်း၌ ပထမဆုံး human
immunodeficiency virus HIV-1 အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်မည်ဟု
ခန့်မှန်း။
၁၉၅၉ ခုနှစ်တွင် ကွန်ဂို၌ သေဆုံးသွားသူတစ်ဦးထံမှ ရယူထားသည့် သွေးနမူနာများကို စစ်ဆေးချက်အရ HIV ပိုးကို ပထမဆုံးတွေ့ရှိ။
၁၉၅၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် အသက် ၄၉ နှစ်ရှိ ဂျမေကာ-အမေရိကန်
သင်္ဘောစာရေးတစ်ဦးသည် နမိုးနီးယားဖြင့် သေဆုံးသွားခဲ့ရာ နမိုးနီးယားကြောင့်
သေဆုံးမှုသည် အေအိုင်ဒီအက်စ်ရောဂါနှင့် အကြီးအကျယ်ဆက်နွှယ်နေကြောင်း
တွေ့ရှိခဲ့ရပြီး ထိုသူ၏ရောဂါအား အေအိုင်ဒီအက်စ်ဟု အမည်တပ်ခဲ့။
၂၀၁၀ ပြည့်နှစ် ကိန်းဂဏန်းများအရ HIV ပိုးကူးစက်မှု အနေအထား
| လူအုပ်စုအမျိုးအစား | ပိုးကူးစက်မှု ၂၀၁၀ ပြည့်နှစ်ခန့်မှန်းခြေ |
| အမျိုးသမီးလိင်လုပ်သားများ | ၁၁ .၄ % (၅ .၇ မှ ၁၄ .၅ အတွင်း) |
| မူးယစ်ဆေးထိုးသုံးစွဲသူများ | ၂၆ .၀% (၇ .၉ မှ ၃၉ .၄ အတွင်း) |
| ယောက်ျားချင်းလိင်ဆက်ဆံသူများ | ၁၁ .၀% (၈ .၀ မှ ၁၄ .၀ အတွင်း) |
| ကိုယ်ဝန်ဆောင်အမျိုးသမီးများ | ၀ .၈% (၀ .၀ မှ ၃ .၃ အတွင်း) |
Refး ကျန်းမာရေးဦးစီးဌာန၊ UNAIDS နှင့် WHO တို့၏ ပူးပေါင်းခန့်မှန်း တွက်ချက်မှု
from http://www.news-eleven.com/index.php?option=com_content&view=article&id=16497:-hivaids&catid=78:2009-11-13-06-25-17&Itemid=135



Mandalay Time
























No comments:
Post a Comment