ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, November 5, 2012

ကြွေမည့်ပန်းများ ပွင့်နေဆဲ

"တနင်္ဂနွေနေ့ကို စစ်ကိုင်းကိုလာခဲ့အုံးမယ် ဓာတ်ပုံလာရိုက်မလို့" ဆိုသည့် ကိုပေါက်(မန္တလေး)၏ ချက်ရိုးထဲမှ ပေါ်လာသည့် စာလုံးလေးကြောင့် ကျနော်အတွက် အက်ဆေးလး တစ်ပုဒ်ကို ရေးဖြစ်ရန် အကြောင်းဖန်လာပါတော့သည်။ စစ်ကိုင်းကိုရောက်နေပါသော်လည်း ကျနော်ကိုယ်တိုင် စစ်ကိုင်း အကြောင်းကို သေသေချာချာမသိပါ။ ကိုပေါက်ရောက်လာလို့ စစ်ကိုင်းရဲ့ အထင်ကရ နေရာလေးတွေကို လိုက်ပြပေးစမ်းပါဆိုခဲ့လျှင် ဘယ်လိုက်ပို့ပေးရမည်မှန်း ကျနော် သိမည်မဟုတ်သည်မှာ သေချာသည်။ စစ်ကိုင်းတံတာနဲ့ ဆွမ်းဦးပုညရှင်စေတီ ၊ ကောင်းမှုတော်စေတီ တို့လောက်ကတော့ လူတိုင်းသိပြီးသားမို့ သူအတွက်မလို ၊ ကျနော်သိသည်ကလည်း ဒီလောက်ပဲဆိုတော့ မဖြစ်ချေသေးဘူး။ ဒီတော့လည်း စစ်ကိုင်းက နယ်ခံသူငယ်ချင်း တစ်ယောက်ကိုတော့ စစ်ကိုင်းအကြောင်းနဲ့ ပတ်သက်ပြီး မေးကြည့်ထားအုံးမှဘဲဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့စစ်ကိုင်းတံတာကိုရော စစ်ကိုင်းတောင် ပတ်ပတ်လည်ကိုပါ အဝေးက လှမ်းမြင်နိုင်သည့် ကျနော်တို့နဲ့အနီး ဆုံးနေရာဖြစ်သည့် ပြာပုံတောင်လေးပေါ်သို့ ကျနော်သူငယ်ချင်း ခေါ်ပြီးတက်လာ ခဲ့တော့သည်။
ဟိုဘက်ကတော့ "ဆွမ်းဦးပုညရှင်ဘုရား" ဒါကတော့ မင်းသိပြီးဖြစ်လိမ့်မယ်။ အဲဒီအောက်နားလေးကတော့ "ဝိဇ္ဇာဓိုရ်ဘုရာ" တဲ့ အဲဒီကဆင်းလာရင်တော့ အောက်နားလေးမှာ "သယမ္ဘူစေတီ" အဲဒီနေရာမှာလည်း သီတဂူရေပေးဝေရေး ရေကန်ကြီးတွေရှိတယ်လေ ဒီကန်ကနေတစ်ဆင့် ဟိုအမြင့်ပိုင်းမှာရှိတဲ့ နေရာတွေ ကိုရေရောက်အောင် ပန့်နဲ့ထပ်တင်တဲ့နေရာပေါ့။ ဆက်ဆင်းလာရင် "လွမ်းစေတီ" တဲ့... အဲဒီနေရာကနေ ပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်ရင် တကယ့်ကိုလွမ်းစရာကောင်းတယ်လေ။ အဝေးကိုလှမ်းကြည့်လိုက်ရင် ဘာကိုလွမ်းလို့လွမ်းမှန်း မသိဘူး တစ်မျိုးကြီးခံစာရတယ်။ ကိုယ်တိုင်သွားကြည့်ရင်တော့ သိလိမ့်မပေါ့တဲ့ သူငယ်ချင်ကပြောပြတယ်။
"ဟုတ်လား ဘုရားရဲ့ ဘွဲတော်ကလွမ်းစေတီဆိုတော့ သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေတော့ရှိခဲ့မှာပေါ့နော်" ကျနော်ကမေးတော့...
ဟုတ်တယ် သူသမိုင်းကြောင်းလေးက စိတ်ဝင်စားစရာတော့ ကောင်းတယ်...

စစ်ကိုင်းဆိုတာ အရင်က ဘီလူးတွေကျင်လှည် ကျက်စားခဲ့တယ်နေရာလို့ ရာဇဝင်ထဲမှာ တွေ့ရတာပဲ။ ခုငါတို့ရောက်နေတဲ့ တောင်ရဲ့ အနောက်ဘက်တောင်ကို "တောင်ဘီလူး"လို့ ခေါ်တယ်လေ။ဘီလူတွေနေရာပေါ့။သူနားကပတ်ပတ်လည်တောင်လေးကုန်းလေးခုရှိသေးတယ်။ အရင်တုန်းကတော့ ဒါတွေအားလုံးကို စုပေါင်းပြီး "သေလာဂီရိဘီလူးတောင်"လို့ခေါ်တယ်လို့ သမိုင်းမှာတွေရတယ်။ ဟိုအောက်နား ဧရာဝတီမြစ်နဲ့ကပ်လျှက် မြစ်ဘေးနားကရပ်ကွက်လေးကို သောတာပန်ရပ်ကွက်လို့ခေါ်တယ်။ ဘီးလူးတွေက မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားရပြီး သောတာပန်တည်ကုန်တဲ့နေရာလေးမို့ "သောတာပန်ရပ်" လို့ခေါ်ခဲ့ကြတယ်လို့ အဆိုရှိခဲ့တယ်။
ဘုရား...သမိုင်းအရတော့....
မြတ်စွာဘုရားရဲ့ရေသနုပ်ကို ဘီလူးတွေက ဌာပနာပြီးပူဇော်တည်ထားတဲ့ ဘုရားကလည်း ထင်ရှာတယ်။ ဘုရားသမိုင်းထဲက အရဆိုရင်တော့ မြတ်စွာဘုရားနဲ့ ညီတော်အာနန္ဒာအရှင်မြတ်တို့ ဒေသစာရီခရီးလှည့်လည်ရင်း ဒီမြစ်ဆိပ်လေးနားက ခုဇေတဝန်ဆိပ်လို့ ခေါ်တဲ့နေရာမှာ ရေသပ္ပါယ်တော်မူတယ်လို့ဆိုတယ်။ ရေချိုးသန့်စင်ပြီးတဲ့နောက်မှာ ရေသနုပ်လေးကို နေလှမ်းထားစဉ် ဘီလူးကလေး တစ်ယောက်က ရေသနုပ်ကို ခိုးယူပြီးပြေသွားသတဲ့ကွ။ နောက်တော့ ဘီလူးကြီးတွေက ချော့မော့ပြီး ပြန်တောင်းရတယ်။
မြတ်စွာဘုရားထံပြန်ဆက်ကပ်တော့ မြတ်စွာဘုရားက ကိုးကျိတ်ကိုးယောက်အုပ်စုကို တရားဟောတော်မူတယ်။ နောက်တော့ ဘီလူးတွေ သောတာပန်တည်ပြီး မြတ်စွာဘုရားရဲ့ ရေသနုပ်ကိုလည်း စေတီတည်ပြီး ကိုယ်းကွယ်ခွင့်ပြုပါဆိုလို့ မြတ်စွာဘုရားက ခွင့်ပြုပေးသနားတော်မူခဲ့တယ်လို့ တွေ့ရတယ်လေ။ ဘုရားရဲ့ဘွဲတော်ကတော့ "လေးကျွန်းမာရ်အောင်ဘုရား"လို့ အမည်သွင်ခဲ့တယ်ပေါ့ကွာ။
စစ်ကိုင်းရာဇဝင်သမိုင်းအဆိုအရတော့ ရေသနုပ်ကို “ဇေတဝန်ဘုရား….” လေးကျွန်းမာရ်အာင် စေတီတော်ကြီးနဲ့ မလှမ်းမကမ်းက “ဇေတဝန်စေတီတော်”မှာ ဌာပနာပြုပြီး တည်ထားပူဇော်ထားတယ် လို့လည်းဆိုတယ်။ ဇေတလို့အမည်ရှိတဲ့ဘီလူး ကိုးကျိပ်ကိုးယောက်တို့ ဦးစီးတည်ထားတဲ့အတွက် ဘုရားရဲ့ဘွဲတော်ကို ဇေတဝန်လို့ အမည်သွင်ခဲ့တယ် လို့ရေးထားတာကိုတွေရတယ်။

"အော် ... ဒါနဲ့ ခဏက လွမ်းစေတီ အကြောင်းကို ဆက်ပါအုံး"
သမိုင်း အထောက်အထား အခိုင်အလုံတော့ မဟုတ်ဘူးပေါ့ ငါသိသလောက်ပြောပြမယ်။ ခုလွမ်းစေတီ ဘုရားတည်ထားတဲ့နေရာမှာ အရင်က ဘီလူးမတစ်ယောက်နေတယ်တဲ့။ ဒီဘက်ကငါနရာနဲ့ ကပ်လျက်မြင်နေရတဲ့ တောင်ဘီလူးတောင်မှာတော့ ဘီလူးကြီးတွေနေတယ်ပေါ့လေ။
ဒီဘက် တောင်ဘီလူးတောင်မှာနေတဲ့ ဘီလူးကြီးနဲ့ အဲဒီက ဘီလူးမလေးတို့ဟာ ချစ်ကြိုက်သွားကြတယ်လို့ဆိုတယ်။ ဘီလူးတို့ဘာဝ ပေါင်းဖော်ကြရာက ဘီလူးသားသားလေး တစ်ယောက်မွေးဖွားခဲ့တယ်ပေါ့ကွာ။ တစ်နေ့မှာတော့ အဲဒီသူတို့နေတဲ့နေရာကို ရသေကြီးတစ်ပါးရောက်လာတယ်တဲ့... တစ်ချို့ကတော့ ဝိဇ္ဇာဓိုရ်လို့ ပြောကြသေးတယ်။ ကလေးရဲ့အတိတ်ကံကိုကြည့်တော့ ဒီဘီလူးကလေးဟာ နောင်တစ်ချိန်မှာ သာသနာအကျိုးကို သယ်ပိုးမယ့် ပုဂ္ဂိုလ်ဆိုတာသိလို့ ဘီလူးဘဝနဲ့ဆို ကောင်းမှုပြုဖိုဆိုတာ မဖြစ်နိုင်ဘူး ဒီကလေးကို ငါနဲ့ထည့်ပေးလိုက်ပါလို့ ရသေ့ကတောင်းသတဲ့...။

သာသနာအကျိုးကို သယ်ပိုးမဲ့သူတော်ကောင်းဖြစ်မယ်ဆိုတော့ ဘီလူးလင်မယားက သူတို့သားလေးကို အင်မတန်ချစ်ပေမဲ့လည်း ရသေ့ကြီးကိုပေးလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်ပေါ့။ တစ်နေ့မှာ သူတို့သားလေး သူတို့ဆီပြန်လာလိမ့်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ စောင့်ရင်းကနေ အသက်တွေ ကြီးလာတဲ့အထိ ပြန်မတွေ့မမြင်ရလေတော့ဘူးတဲ့။ဒီလိုနဲ့ ဘီလူးလင်မယာဟာ သားကိုလွမ်းတဲ့ စိတ်နဲ့ ရင်ကွဲနာကြပြီး သေပွဲဝင်ခဲ့ကြရတယ်ပေါ့။

ခုလက်ရှိခေတ် သာသနာကျတော့မှ အဲဒီတစ်ချိန်က ဘီလူးလေးက ဒီဘဝမှာရဟန်းဘဝနဲ့ ဒီတောင်ကိုရောက်လာပြီး တရားလာအားထုတ်တယ်။ နောက်တော့ သူဟာ အတိတ်ဘဝက အကြောင်းတွေကို ပြန်သိမြင်နိုင်တဲ့ ဉာဏ်တစ်မျိုးရတော့ ဟိုအရင်ဘဝက သူမိဘတွေက သူ့ကိုမျှော်ရင်းလွမ်းနာကျပြီး သေပွဲဝင်ခဲ့ရတာတွေကိုပါ သိခွင့်ရခဲ့တယ်ပေါ့။ ဒါကြောင့် သူမိဘနှစ်ပါးဖြစ်တဲ့ ဘီလူးတွေကိုရည်စူးပြီး လွမ်းစေတီဆိုတဲ့ဘွဲအမည်နဲ့ ဘုရားတစ်ဆူကို တည်ထားခဲ့တယ်တဲ့လေ။ လွမ်းစေတီနဲ့ အရှေ့အနောက်လောက် ကျတဲ့တောင်ဘက်စောင်းတန်း နေရာလေးမှာတော့ အေးစေတီ ဆိုပြီး စေတီတဆူ ရှိတယ်။
အေးစေတီအကြောင်းတော့ ငါမသိဘူး...။
"အော်... မိမေတ္တာဆိုတာမျိုးက... ငါတို့အင်မတန်မှ ကြောက်စရာကောင်းတယ်လို့ ထင်ရတဲ့ ဘီလူးတွေမှာလည်း ရှိတာပဲကို.....။

"ဟိုဘက်တောင်ကုန်း... ခုငါတို့ရောက်နေတဲ့ တောင်နဲ့ကပ်လျှက်ရှိနေတဲ့ဘုရာက "ရှင်ပင်နံကိုင်းစေတီ"တဲ့ အဲဒီမှာလည်း သီတဂူရေကန်ကြီးတွေရှိသေးတယ်။ ပြီးတော့ ကြေးနဲ့သွန်းလုပ်ထားတဲ့ ရုပ်ပွားတော် အကြီးကြီးတစ်ဆူရှိတယ်။ အဲဒီဘုရားကနေကြည့်ရင် စစ်ကိုင်းတံတားကြီးနှစ်စင်းကို အသေအချာမြင်ရတယ် ။ စစ်ကိုင်းတံတားအလှကို ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အဲဒီနေရာကသွားရိုက်လို့ရတယ်။
ခုငါတို့ရောက်နေတဲ့တောင်က ပြာပုံတောင် လို့ခေါ်တယ်။ တွေ့လားဒီမှာ စေတီဟောင်းကြီး ခြင်္သေရုပ် တစ်ခုက တော်တော်ကောင်းသေးတယ်နော်....။
ဒီစေတီဟောင်ကလည်း ရှေစေတီဟောင်းကို ပြန်ပြင်ထားပြီး ပုဂံငလျှင်တုန်းက ပြိုကျခဲ့တယ် လို့ပြောကြတယ်လေ။ သမိုင်းရာဇဝင်ထဲကအရဆိုရင် ဒီနေရာမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော့ တေဇောဓာတ် လောင်ကျွမ်းပြီးနောက် ကြွင်းကျန်ရစ်ခဲ့တဲ့  ပြာတွေကို ယူဆောင်လာပြီး ဒီတောင်ပေါ်မှာ  စေတီ တည်ထားကိုးကွယ် ခဲ့ကြတယ်လို့ အဆိုရှိခဲ့တယ်။
ဒါကြောင့်လည်း ပြာပုံတောင်လို့ ခေါ်ခဲ့ကြတယ်လို့ မှတ်တမ်းတွေရတယ်။ နောက်ပြီး ဟိုခမ်လှမ်းလှမ်းကို လှမ်းကြည့်လိုက် မြို့ထဲလောက်ကြလိမ့်မယ်.....အဲဒါက စေတီလှစေတီ "စစ်ကိုင်းအစစေတီလှ"လို့ ဆိုရိုးရှိသေးတယ်လေ..... စသည်စသည်...ဖြင့် တစ်ခုပြီးတစ်ခု သူငယ်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြနေဆဲ....။
ဒါပေမဲ့ ကျနော်စိတ်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့...အင်မတန်ကြမ်းတမ်းတယ်ဆိုပေမဲ့ ဘီလူးတွေရဲ့ နှလုံးသားထဲမှာလည်း သားသမီးတွေအပေါ်ချစ်ကြတဲ့ သူတို့အချစ်တွေက လူထက်တောင်ပို ပါသေးလား ဆိုသည့်အတွေးက ဝင်လာခဲ့ပြန်တော့တယ်။

တကယ်ဆို ငါနေတာက အင်းတော်ကြီး ဘာ့ကြောင့်များ မဆီမဆိုင် ဒီစစ်ကိုင်းရောက်နေရပါလိမ့် ။ အတိတ်တစ်ချိန်က ငါလည်း ဒီတောင်မှာ ကျင်လည်ကျက်စားခဲ့ဘူးတဲ့ ဘီလူး တစ်ကောင်ကောင်များ ဖြစ်ခဲ့ဘူးနေလေမလား။ တွေးရင်းက ကိုယ့်သွားလေးတွေကို မသိမသာစမ်းကြည့်မိပြီးမှ ပြုံးမိသေးသည်။ ဒီလိုဆိုလျှင် မြတ်စွာဘုရား တရားဟောနေတဲ့အချိန်မှာ ငါကဘယ်များရောက်နေခဲ့လို့ ကျွတ်တမ်းဝင်တဲ့အထည်းမှာ မပါဘဲကျန်နေရစ်ရပါလိမ့်...။ အော်.....ဒါပေမဲ့လည်း ကျွတ်တမ်းဝင် သွားတဲ့ ဘီးလူးတွေက ဇေတဘီလူးကြီးဦးစီးတဲ့ ဘီလူးအုပ်စု ကိုးကျိပ်ကိုးယောက်ပဲလေ ..... အဲဒီတုန်းက ဘီလူးတွေက အရေအတွက် ဘယ်လောက်များတောင် ရှိနေသလဲမှ မသိတာပဲ။ ဒီဘဝမှာ လူလာဖြစ်တာပဲ တော်ပါသေးရဲ့.... ။

တွေးရင်းက ..... တောင်နံဘေးနားလေးပေါက်နေတဲ့ တရုပ်စကားပင်ကိုလှမ်းကြည့်လိုက်တော့ နွေဝင်စပေမဲ့ အရွက်တွေက တပင်လုံးလိုကြွေလို့နေပြီ။ရိုးတံသာကျန်တော့တဲ့ကိုင်းခက်မှာတော့ အဖြူရောင် အဝါရောင် ပန်းတွေက အဆုတ်လိုက်ပွင်နေကြဆဲ...။ ညနေစောင်းလာတော့ ဧရာဝတီဖြစ်ကိုဖြတ်သန်း လျှက် လေနူအေးတွေက စတင်တိုက်ခတ်လို့လာနေပြီ....။

ဟော....ပြောရင်းဆိုရင်း....လေအဝှေ့မှာ တစ်ချို့အပွင့်လေးတွေလေနဲ့ အတူ ဝဲပျံရင်း မြေပေါ်သို့ ကြွေကြလာကြလေရဲ့....။
အောက်မှာလည်း အစောပိုင်းကြွေထားသည့် ပန်းခြောက်တွေက ဟိုတစ်ပွင့်ဒီတပွင့်နဲ့ ပြန့်ကျဲလို့နေသလို ...... ခြောက်သွေသွားပြီဖြစ်တဲ့ ဟိုယခင်ကြွေကျထားသည့် ပန်းတွေကလည်း လေနဲ့အတူ လူးလိမ့်ရင်း အဝေးသ်ု့ လွင့်ပါးလို့နေကြပြန်လေရဲ့.....။

ရိုးတန်ကျဲကျဲနဲ့ တရုပ်စကားပင်လေး အနီးမှာတော့ တပင်လုံးအပွင့်တွေ ရဲရဲတောက်နေတဲ့ စက္ကူပန်းပင်ကို တွေနေရပြန်တယ်။ အပင်ပေါ်ပန်းတွေ လှိုင်လှိုင်ပွင့်နေသလောက် အပင်အောက်က ပန်းခြောက်တွေကလည်း မြေပြင်မှာ ဖရိုဖရဲပြန့်ကျဲလို့.....။အော် ဘဝဆိုတာကလည်း ပန်းလေးတွေလိုပါပဲလား။ ဖူးရာကငုံ ၊ ငုံရာကပွင့် ၊ ပွင့်ရာကနေကြွေသွားပြန်တော့လည်း ပန်းခြောက်လေးတွေလို့ မြေမှာ လှဲလျှောင်းလူးလိမ့်ရင်းနဲ့ တစ်ဘဝပြီးသွားပြန်ရအုံးတော့မှာပါလား .......။

အပင်အောက်မှာ ကျဲပြန့်နေတဲ့ နွမ်းဖျော့ဖျော့ ပွင့်ဖတ်ခြောက်လေးတွေကို ငုံ့ကြည့်ရင်း အဖန်တလဲလဲ ကျင်လည်ခဲ့ရသော သံသရာ ဘဝများကို တွေးတောနေမိတယ်။ ဘဝနှင့်တကွ အို နာ သေ ဆင်းရဲများကို စဉ်းစားမိပြန်တော့ ...။။
ပန်းလေးတွေကြွေတာ အဆန်းမှမဟုတ်ဘဲ... ဟိုယခင်ကလည်း ကြွေခဲ့ဖူးလှပြီ ယခုလည်း  ကြွေနေဆဲပဲ  နောင်ကိုလည်းကြွေရဦးမည် ။ ဒါတွေကို အရင်က ငါဘာလို့မမြင်ခဲ့မိပါလိမ့်။ တကယ်တော့ ဘဝတစ်ခုရဲ့ သံသရာဆိုတာ ပန်းကြွေတောပဲ မဟုတ်လား။

စိတ်ပေါက်ပေါက်နဲ့ အပွင့်တွေ လှိုင်လှိုင်ပွင့်နေတဲ့ လက်တစ်လှမ်းလောက်မြင့်တဲ့ စက္ကူပန်းပင်ရဲ့ အကိုင်းတစ်ခုကို လှမ်းခုန်ဆွဲရင်း အကိုင်းထက်က ပန်းပွင့်လေးရဲ့ ရနံလေးကို နမ်းရှိုက်မယ်လုပ်ပြီးမှ "ကြွေကြနေတဲ့ပန်းလေးမှာရှိတဲ့ ရနံ့နဲ့ ဘာထူးမှာမို့လဲ စက္ကူပန်းဆိုတာ အစကတည်းက ရနံမှမရှိတာပဲ"ဆိုတဲ့ အတွေးကြောင့် ဆွဲကိုင်ထားတဲ့ သစ်ကိုင်းကို ပြန်လွတ်ပေးလိုက်စဉ်မှာတော့...... အရှိန်နှင့်ပြန်တက်သွားသော ပန်ခက်ပန်းခိုင်များမှ ပွင့်ဖက်လေးတွေက တစ်ဖြုတ်ဖြုတ်နဲ့ ကြွေကြလို့လာပြန်ပါတော့သည်။ အော် ဒုက္ခကို သုခလို့ ထင်နေသေး သရွေ့တော့ ငါလည်း ပန်းကြွေတောထဲမှာ မျောပြီးမောနေရဦးမှာပါလား။

ညနေစောင်းလေးမို့ ဧရာဝတီဖြစ်ရေးပြင်ကိုဖြတ်သန်းရင်း အရှိန်ပြင်းပြင်းနဲ့ တိုက်ခတ်လာတဲ့ လေကအေးက နဲနေပေမဲ့ ... ကျနော်ရင်ထဲမှာတော့နွေရောက်နေသလို အားခေါင်တွေခြောက်လို့လာတော့သည်။
ရင်ထဲက အပူကိုထွက်သက်နဲ့အတူ အားပါတရရူထုတ်ရင်း ပြန်ကြစိုသူငယ်ချင်းလို့ ပြောစဉ်ခဏမှာတော့.... ဟိုခပ်လှမ်းလှမ်း ဆွမ်းဦးပုညရှင် အနောက်တောင်စောင်းတန်း အနီးရှိ "အေးစေတီ" ဘက်ဆီမှ...... "ကိုသိုလ်ကောင်းမှု၌ မမေ့လျော့သူတိုသည် မသေရာ နိဗ္ဗာန်သို့ရောက်ရမည်ဖြစ်၍ မသေသော သူများဖြစ်ကြ၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည် အသက်ရှင်လျက် ရှိကြသော်လည်း အဖန်ဖန် တလဲလဲသေကြ ရဦးမည်ဖြစ်၍ သေသောသူနှင့် တူကုန်၏.....တဲ့" ဆိုသည့် ဆရာတော်ကြီး တစ်ပါ၏ ဓမ္မသံက ပြန့်လွင့်လို လာပါတော့သည်။ အေးစေတီက ပြန့်လွင့်လာတဲ့ ဓမ္မသံက အခိုက်အတန့်အားဖြင့်တော့ ကျနော်ရင်ကို အေးမြစေခဲ့သည်တော့မှန်ပါသည်။

ကြည့်စမ်းပါဦး...... မနက်မှာကြွေမဲ့ပန်းက ခုထိအချိန်ကောင်းကောင်းနဲ့ ပွင့်နေကြဆဲဖြစ်သလို ၊ ပွင်းနေဆဲ ပန်းတွေကလည်း လေးအဝှေ့မှာ တစ်ဖြုတ်ဖြုတ်နဲ့ကြွေနေဆဲပါလား။

ငုံနေတဲ့ပန်းတွေ ပွင့်ဖို့အားယူနေကြပြီး ပွင့်တဲ့ပန်းတွေကလည်း ကြွေနေကြတယ်။ တကယ်တော့...... မနက်ဖန်ဆိုတာ ဘာမျှမသေချာဘူးဆိုတာ ပန်းကြွေတောကိုရောက်တော့မှ အသိတရာလေး ဝင်မိတော့တယ်။ ငါဘဝလည်း နောက်ထပ် ဒီပန်းခြောက်လေးတွေလို ပွင့်လိုက်ဝေလိုက်ကြွေလိုက် ပြီးတော့လေနဲ့ လွင့်ပါသွားလိုက်နဲ့ ဘယ်ထိခရီး ဆက်ရဦးမည်မသိ..။

အားလုံးကိုလေးစားလျှက်
အင်းတော်သျှမ်း
from http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:1495152

No comments:

Post a Comment

Template by : kendhin x-template.blogspot.com